အသည်းကွဲနေတာကို အမြန်ဆုံး သက်သာ ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းများ

လူတိုင်း ဘဝမှာ တစ်ကြိမ်လောက်တော့ အသည်းကွဲဖူးကြပါတယ်။ အသည်းကွဲတဲ့ ဝေဒနာက ပြောမပြတတ်လောက်အောင် ခံစားရခက်တာကို အသည်းကွဲဖူးတဲ့သူတိုင်း သိကြပါတယ်။ အသည်းကွဲတဲ့ ဝေဒနာက မကောင်းတာမို့ ဒီဝေဒနာ သက်သာသွားဖို့ကို မျှော်လင့်ဖူးကြမှာပါ။ ဒီလိုမျိုး အသည်းကွဲနေတဲ့ သူတွေအတွက် မြန်မြန်ဆန်ဆန် ခံစားရတာတွေ သက်သာသွားစေနိုင်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။

(၁) အစားစားပါ

အသည်းကွဲတဲ့ သူ အတော်များများကတော့ အစားစားချင်စိတ်ပျောက်ပြီး အိပ်နေတာ၊ ငိုနေတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီလို လုပ်လေ ပိုဆိုးလေ ဖြစ်မှာမို့ အစားကို စားချင်ချင်၊ မစားချင်ချင် ထစားသင့်ပါတယ်။ မျက်ရည်စက်လက်နဲ့ စားဖြစ်တာလည်း ဖြစ်နိုင်သလို သုံး၊လေး၊ ငါး လုတ် ဝင်တာလောက်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဝင်သလောက်စားတာက သင့်အတွက် ခံစားချက်အာရုံတွေကို အလုပ်ပေးရာ ရောက်လို့ နာကျင်တာတွေကို လျော့ကျစေပါတယ်။

(၂) အားမနာပါနဲ့

တစ်ချို့တွေကတော့ အသည်းသာ ကွဲနေတာ ဘေးကလူတွေကို ကိုယ် ဒီလို ခံစားနေရတာကို မမြင်စေချင်တတ်ကြပါဘူး။ ဒါကြောင့် ခံစားနေရတာကို လူသိရင်တောင်မှ ငိုနေတာတွေကို မမြင်အောင် နေနေတတ်ပါတယ်။ ဒီလို ဖြစ်တာထက် ငိုချင်တဲ့အချိန် ငိုလိုက်တာက ပိုပြီး သင့်ကို မြန်မြန် သက်သာစေပါတယ်။ ဒါကြောင့် မိဘတွေကို ပေးသိတာမျိုး မဟုတ်ရင် သူငယ်ချင်းနဲ့အတူ အချိန်တွေ အတူ ဖြတ်သန်းပြီး ငိုစရာ ရှိတာ ငိုလိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။

(၃) ခံစားချက်တွေကို ဖုံးမထားပါနဲ့

သူနဲ့ ပတ်သတ်ပြီး လွမ်းနေတာတွေ၊ အမှတ်တရတွေကို ပြန်ကြည့်မိတာတွေ၊ ငိုချင်နေတာတွေကို လူတွေ မမြင်အောင် ဖုံးထားရင်တော့ သင့်ခံစားချက်တွေက ထွက်စရာ နေရာ မရှိဘဲ ခံစားချက်တွေ တာရှည်နေတတ်ပါတယ်။ ခံစားချက်တွေကို အရှိအတိုင်း ထုတ်လိုက်တာက သင့်ကို ပိုပြီး ခံစားရ သက်သာသွားစေနိုင်ပါတယ်။

(၄) လုပ်ချင်ရာတွေကို အာရုံလွှဲပါ

သူ့ကို သွားတွေ့ချင်တာ၊ အောက်ကျခံပြီး တောင်းပန်လိုက်ချင်တာတွေနဲ့ သူ ဘာတွေများ လုပ်နေမလဲဆိုပြီး သူတို့ လူမှုကွန်ယက်စာမျက်နှာထဲကို ခဏခဏ ဝင်ကြည့်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုမျိုး သူ့ကို သတိရပြီး လုပ်ချင်နေတဲ့အရာတွေကို ရှောင်ပြီး လက်ရှိ အနေအထားကိုတွေးပြီးသာ လက်ခံလိုက်သင့်ပါတယ်။ သင်နဲ့ သူက မဖြစ်နိုင်မှန်း လက်ခံလိုက်ပြီး နာကျင်မှုတွေကို ခံစားလိုက်တာက သင်ဆန္ဒတွေကို အာရုံလွှဲရာ ရောက်ပါတယ်။

(၅) အလုပ်တွေ ပိုလုပ်ပါ

အလုပ်တွေ လုပ်တာက သင့် ခံစားချက်တွေကို သက်သာစေမယ့် နည်းတစ်ခု ဖြစ်ပါတယ်။ ခံစားနေရတာထက် အတွေးတွေက ကိုယ့်ကို ပိုပြီး ခံစားရစေပါတယ်။ ဒါကြောင့် အတွေးပေါင်းစုံ မဝင်ရအောင် အလုပ်တွေကို ပိုလုပ်ပါနော်။ စာလုပ်တာ၊ အိမ်သန့်ရှင်းရေးတွေ လုပ်တာက သင့်ကို ဖြည်းဖြည်းမှန်မှန်နဲ့ ခံစားချက်တွေကို သက်သာ ပျောက်ကင်းသွားစေမှာပါနော်။

Kham